Thursday, October 18, 2012

ပရိက္ခရာ ၈-ပါး သိမှတ်ဖွယ်

ပရိက္ခရာ ၈-ပါး-

၁။ ပတ္တ= သပိတ်
၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း
၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း
၎။ ဒုကုတ်= ၂-ထပ် သင်္ကန်းကြီး
၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး
၆။ ၀ါသိက= ခေါင်ရိတ်ဓား
၇။ သူစိ= အပ် အပ်ချီ
၈။ ပရိသာဝန= ရေစစ်

သပိတ်၊ သပိတ်လွယ်၊ သပိတ်ခြေ ခွင့်ပြုတော်မူခြင်း (စူဠဝဂ်ပါဠိတော် မြန်မာပြန်)(ဝိမြန် ၄၊ ၂၄၆)
ရဟန်းတို့ ဤသစ်သားသပိတ်ကို ဖျက်ဆီးကြကုန်လော့၊ အစိတ်စိတ်အြ>ွမြာ>ွမာလုပ်၍ ရဟန်းတို့အားမျက်စဉ်းကြိတ်ရန် ပေးကုန်လော့။
ရဟန်းတို့ သစ်သားသပိတ်ကို မဆောင်အပ်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ ဟု မိန့်တော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေဖြင့် ပြီးသည်လည်း ဖြစ်သော ငွေဖြင့် ပြီသည်လည်း ဖြစ်သော အကောင်းအညံ့ ဖြစ်သော သပိတ်တို့ကို ဆောင်ကုန်၏။
လူတို့သည် 'ကာမဂုဏ်ခံစားသူ လူတို့ကဲ့သို့တည်း' ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ရွှေသပိတ်ကို မဆောင်အပ်။ပ။ ငွေသပိတ်ကို မဆောင်အပ်။ ပတ္တမြားသပိတ်ကို မဆောင်အပ်။ကျောက်မျက်သပိတ်ကို မဆောင်အပ် ဖလ်သပိတ်ကို မဆောင်အပ်။ကြေးသပိတ်ကိုမဆောင်အပ်။ စဥ့်သပိတ်ကိုမဆောင်အပ်။ ခဲမဖြူသပိတ်ကိုမဆောင်အပ်။ ခဲပုပ်သပိတ်ကို မဆောင်အပ်။ ကြေးနီသပိတ်ကို မဆောင်အပ်၊ ဆောင်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ သံသပိတ်၊ မြေသပိတ်ဟု ဆိုအပ်သော သပိတ်နှစ်မျိုးတို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
၂၅၃။ ထိုအခါ သပိတ် အရင်း 'အောက်ဖက်'သည် ပွန်းခဲ့သဖြင့် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သပိတ် နှီးဝန်းကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)
ရဟန်းတို့ ခဲမဖြူဖြင့် ပြီးသည်လည်းဖြစ်သော ခဲပုတ်ဖြင့် ပြီးသည်လည်းဖြစ်သော သပိတ် နှီးဝန်းနှစ်မျိုးတို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
ထိုအခါ များစွာသောသပိတ်တို့ကို လွင်တီးခေါင်၌ သပိတ်ခြေမပါဘဲ ထားကုန်၏။ သပိတ်တို့သည် လေပွေခတ်သဖြင့် လိမ့်၍ကွဲကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သပိတ်ခြေကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
ရဟန်းတို့ သပိတ်ထားစရာ အဝကျယ်သောအိုးကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ သပိတ်ထားစရာအိုး၌ သပိတ်သည် ပွန်းခဲ့ပြန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သပိတ်အိတ်ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)
ပခုံးလွယ် မရှိသဖြင့် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပခုံးလွယ်ကိုလည်းကောင်း၊ ဖွဲ့ ကြိုးကိုလည်းကောင်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)





သင်တုန်းဓား၊ သင်တုန်းကျောက်၊ သင်တုန်းအိတ် ခွင့်ပြုတော်မူခြင်း (စူဠဝဂ်ပါဠိတော် မြန်မာပြန်) (ဝိမြန် ၄၊ ၂၇၇)

၂၇၅။ ထိုအခါ ရဟန်းတို့၏ ဆံပင်တို့သည် ရှည်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရဟန်းတို့သည် အချင်းချင်း ဆံချခြင်းငှာ စွမ်းနိုင်ကုန်သလော ဟုမေးတော်မူ၏။ မြတ်စွာဘုရား စွမ်းနိုင်ပါကုန်၏ ဟု လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေ၍ ရဟန်းတို့ကို-
'ရဟန်းတို့ သင်တုန်းဓား၊ သင်တုန်းကျောက်၊ သင်တုန်းအိတ်၊ သင်တုန်နှီး ဟူသော သင်တုန်း အဆောက်အဦး အလုံးစုံကို ခွင့်ပြု၏' ဟု (မိန့်တော်မူ၏)

ရေစစ်၊ ဓမ္မကရိုဏ် (လေစုတ်ရေစစ်)၊ ဖိနပ်အိတ်၊ ဆေးအိတ် ခွင့်ပြုတော်မူခြင်း (စူဠဝဂ်ပါဠိတော် မြန်မာပြန်) (ဝိမြန် ၄၊ ၂၅၄)

၂၅၈။ ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်တော်မူသမျှ နေတော်မူပြီးလျှင် ဝေသာလီပြည်သို့ ဖဲကြွတော်မူ၏။ ထိုအခါ ရဟန်းတို့သည် အပ်ကို၎င်း၊ ဓားငယ်ကို၎င်း၊ ဆေးကို၎င်း သပိတ်ဖြင့်ယူ၍ သွားကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဆေးအိတ်ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။ ပခုံးလွယ်မရှိ (မပါ)။ပ။
ရဟန်းတို့ ပခုံးလွယ်စရာကို၎င်း၊ ဖွဲ့ကြိုးကို၎င်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးသည် ဖိနပ်တို့ကို ခါးပန်းကြိုးဖြင့်ချည်၍ ရွာသို့ဆွမ်းခံဝင်၏။ တစ်ယောက်သော ဥပါသကာသည် ထိုရဟန်းကို ရှိခိုးသည်ရှိသော် ဖိနပ်တို့ကို ဦးခေါင်းဖြင့် တိုက်မိသဖြင့် ထိုရဟန်းသည် မျက်နှာမသာဖြစ်၏။ ထိုအခါ ရဟန်းသည် အရံသို့သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ရဟန်းတို့သည် မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဖိနပ်အိတ်ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။ ပခုံးလွယ်မရှိ (မပါ)။ပ။
ရဟန်းတို့ ပခုံးလွယ်ကို၎င်း၊ ဖွဲ့ကြိုးကို၎င်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ လမ်းခရီးအကြား၌ မအပ်သော ရေသည် ဖြစ်၏၊ ရေစစ်လည်း မပါ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ရေစစ်ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။ အဝတ်ပိုင်းသည် မလုံလောက်။ပ။
ရဟန်းတို့ လှံတံ သုံးချောင်း၌ ထိုး၍ ပြုအပ်သော ရေစစ်'ကဋစ္ဆုပရိဿာဝန'ကို ခွင့်ပြု၏ ဟု(မိန့်တော်မူ၏)။ အဝတ်ပိုင်းသည် မလုံလောက်။ပ။
ရဟန်းတို့ဓမ္မကရိုဏ်'လေစုတ်ရေစစ်'ကို ခွင့်ပြု၏ ဟု(မိန့်တော်မူ၏)။
ရဟန်းတို့ ရေစစ်မပါသော ရဟန်းသည် ခရီးရှည် မသွားအပ်၊ သွားသော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏ ဟု မိန့်တော်မူ၏။
ရေစစ်ပုဝါသည်၎င်း၊ ဓမ္မကရိုဏ် 'လေစုတ်ရေစစ်' သည်၎င်း မရှိမူ နှစ်ထပ်သင်္ကန်းစွန်းကိုလည်း 'ဤနှစ်ထပ် သင်္ကန်းဖြင့် စစ်၍ သောက်အံ့'ဟု ဆောက်တည်ရမည်။

ဓားငယ်၊ အပ်၊ အပ်ဘူး ခွင့်ပြုတော်မူခြင်း(စူဠဝဂ်ပါဠိတော် မြန်မာပြန်) (ဝိမြန် ၄၊ ၂၅ဝ)

၅၆။ ထိုအခါ ရဟန်းတို့သည် လက်ဖြင့် ဆုပ်၍ ဆုပ်၍ သင်္ကန်းကိုချုပ်သဖြင့် သင်္ကန်းသည် အနားမညီ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဓားငယ်ကို၎င်း ၊ ဓားငယ်ရစ်ပတ်ရန် ဖျင်ပိုင်း အထည်ကြမ်းကို၎င်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ သံဃာအား အရိုးတပ်သော ဓားငယ်သည် ဖြစ်လာ၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အရိုးတပ်သော ဓားငယ်ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေဖြင့်ပြီးသည်လည်းဖြစ်သော၊ ငွေဖြင့်ပြီးသည်လည်း ဖြစ်သော၊ အကောင်းအညံ့ ဖြစ်ကုန်သော ဓားရိုးတို့ကို ဆောင်ကုန်၏။ လူတို့သည် 'ကာမဂုဏ်ခံစားသူ လူတို့ကဲ့သို့တည်း' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာ ဘုရားအားဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဓားရိုးအမျိုးမျိုးတို့ကို မဆောင်အပ်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏၊ ရဟန်းတို့ အရိုးဓားရိုးကို၎င်း၊ အစွယ်ဓားရိုးကို၎င်း၊ ဦးချိုဓားရိုးကို၎င်း၊ ကျူဓားရိုးကို၎င်း၊ ဝါးဓားရိုးကို၎င်း၊ သစ်သားဓားရိုးကို၎င်း၊ ချိတ်ဓားရိုးကို၎င်း၊ ဖလ်ဓားရိုးကို၎င်း၊ ကြေးသံဓားရိုးကို၎င်း၊ ခရုသင်းချက် ဓားရိုးကို၎င်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့သည် ကြက်တောင်ဖြင့်၎င်း၊ ဝါးခြမ်းစိတ်ဖြင့်၎င်း သင်္ကန်းကို ချုပ်ကုန်၏၊ သင်္ကန်းသည် ချုပ်ပုံမကောင်းသဖြင့်၊ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှေက်ကြကုန်၏။
ရဟန်းတို့ အပ်ကို ခွင့်ပြု၏ ဟု(မိန့်တော်မူ၏)။ အပ်တို့သည် သံချေးတက်ကုန်၏။ပ။
ရဟန်းတို့ အပ်ဗူးကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။

ဖိနပ် ခွင့်ပြုတော်မူခြင်း(မဟာဝဂ်ပါဠိတော် မြန်မာပြန်) (ဝိမြန် ၃၊ ၂၇၁)

၂၄၅။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို'ရဟန်းတို့ ဤသို့လျှင် အမျိုးကောင်းသားတို့သည် အရဟတ္တဖိုလ်ကို လျှောက်ထားကုန်၏၊ မိမိကိုယ်ကို တိုက်ရိုက်အားဖြင့် မဆောင်မကြားပဲ(ရဟန္တာဖြစ်ခြင်း၏) အကြောင်းကိုလည်း ပြောကြား၏။
ထိုသို့ ဖြစ်သင့်ပါလျက် အချို့သော (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့သည်ရယ်ရွှင်ဖွယ်ပြုသကဲ့သို့ အရဟတ္တဖိုလ်ကို ပြောကြားကုန်၏၊ ထိုသူတို့သည်နောက်ကာလ၌ ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ကုန်၏' ဟု မိန့်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် အရှင်သောဏကို'သောဏ သင်သည် နူးညံ့သိမ်မွေ့၏၊ သောဏသင့်အား လွှားချင်းဖိနပ်ကို ခွင့်ပြု၏' ဟု မိန့်တော်မူ၏။ အသျှင် ဘုရား အကျွန်ုပ်သည် လှည်းအစီးရှစ်ဆယ်၁ တိုက်ရသော ရွှေငွေတို့ကို၎င်း ဆင်တပ်ပေါင်း ခုနစ်တပ်၂ ကို၎င်း စွန့်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၏၊ အရှင်ဘုရှား ထိုသို့ဖြစ်ပါလျက် အကျွန်ုပ်သည် လွှာချင်းဖိနပ်ကို အကယ်၍ ဆောင်ငြားအံ့၊ ထိုအကျွန်ုပ်အား 'ကောဠွိဝိသအမျိုး၌ဖြစ်သော သောဏသည် လှည်းအစီးရှစ်ဆယ်တိုက်ရသော ရွှေငွေတို့ကို၎င်း ဆင်တပ်ပေါင်း ခုနစ်တပ်ကို၎င်း စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထိုသောဏသည် ယခုအခါ လွှာချင်းဖိနပ်တို့၌ ကပ်ငြိတွယ်တာ၏' ဟုပြောဆိုကြကုန်လတံ္တ့၊ အကယ်၍ မြတ်စွာဘုရားသည် ရဟန်းအပေါင်းအား ခွင့်ပြုငြားအံ့၊ အကျွန်ုပ်သည်လည်း သုံးဆောင်ပါ အံ့ အကယ်၍ မြတ်စွာဘုရားသည် ရဟန်းအပေါင်းအား ခွင့်မပြုငြားအံ့ အကျွန်ုပ်သည်လည်း မသုံးဆောင်ပါဟု (လျှောက်၏) ။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကိုဟောတော်မူပြီးလျှင်ရဟန်းတို့ကို-
'ရဟန်းတို့ လွှားချင်းဖိနပ်ကို ခွင့်ပြု၏၊ ရဟန်းတို့ နှစ်လွှာဖိနပ် သုံးလွှာဖိနပ် အလွှာများသော ဖိနပ်တို့ကို မဆောင်အပ်၊ ဆောင်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏' ဟုမိန့်တော်မူ၏။

အညိုရောင် ဖိနပ်စသည်ကိုပယ်ခြင်း

၂၄၆။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလုံးစုံညိုသော အဆင်းရှိသော ဖိနပ်တို့ကိုစီးကုန်၏။ပ။ အလုံးစုံဝါသော အဆင်းရှိသော ဖိနပ်တို့ကိုစီးကုန်၏။ အလုံးစုံနီသော အဆင်းရှိသော ဖိနပ်တို့ကိုစီးကုန်၏။အလုံးစုံ မောင်းသော အဆင်းရှိသော ဖိနပ်တို့ကို စီးကုန်၏။ အလုံးစုံမည်းသော အဆင်းရှိသော ဖိနပ်တို့ကို စီးကုန်၏။ အလုံးစုံ ကင်းခြေများ ကျောက်ကုန်းအဆင်း 'လိမ္မော်ရောင်'ရှိ သောဖိနပ်တို့ကိုစီးကုန်၏။အလုံးစုံ ဖက်ရွက်လျော် အဆင်းရှိသော ဖိနပ်တို့ကို စီးကုန်၏။ လူတို့သည်'ကာမဂုဏ်ချမ်းသာကို ခံစားသောလူတို့နှင့် တူကုန်၏' ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အလုံးစုံညိုသော အဆင်းရှိသောဖိနပ်။ အလုံး စုံဝါသောအဆင်းရှိသောဖိနပ်။ အလုံးစုံနီသော အဆင်းရှိသောဖိနပ်၊ အလုံးစုံမောင်းသော အဆင်းရှိသောဖိနပ်၊ အလုံးစုံမည်းသော အဆင်းရှိသောဖိနပ်၊ အလုံးစုံ ကင်းခြေများ ကျောက်ကုန်အဆင်း'လိမ္မော်ရောင်' ရှိသောဖိနပ်၊ အလုံးစုံ ဖက်ရွက်လျော် အဆင်းရှိသောဖိနပ်တို့ကို မစီးအပ်၊ စီးသောရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ဟု(မိန့်တော်မူ၏) ။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သဲကြိုးညိုတပ် ဖိနပ်တို့ကို စီးကုန်၏။ပ။ သဲကြိုးဝါတပ် ဖိနပ်တို့ကို စီးကုန်၏။ သဲကြိုးနီတပ် ဖိနပ်တို့ကို စီးကုန်၏။ သဲကြိုး မောင်း'ရောင်စုံ'တပ် ဖိနပ်တို့ကိုစီးကုန်၏။ သဲကြိုးမဲတပ် ဖိနပ်တို့ကို စီးကုန်၏။ သဲကြိုးကင်းခြေများ ကျောက်ကုန်းအဆင်း'လိမ္မော်ရောင်'တပ် ဖိနပ်တို့ကိုစီးကုန် ၏။ သဲကြိုးဖက်ရွက်လျော် အဆင်းတပ် ဖိနပ်တို့ကို စီးကုန်၏။ လူတို့သည်'ကာမဂုဏ်ချမ်းသာကို ခံစားသောလူတို့နှင့် တူကုန်၏' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အ ပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သဲကြိုး ညိုတပ်ဖိနပ်၊ သဲကြိုးဝါတပ်ဖိနပ်၊ သဲကြိုးနီတပ်ဖိနပ်၊ သဲကြိုးမောင်းတပ်ဖိနပ်၊ သဲကြိုးမည်းတပ်ဖိနပ်၊ သဲကြိုးကင်ခြေများ ကျောက်ကုန်းအဆင်း'လိမ္မော်ရောင်'တပ်ဖိနပ်၊ သဲကြိုးဖက်ရွက်လျော် အဆင်းတပ်ဖိနပ်တို့ကို မစီးအပ်၊ စီးသောရဟန်း ဒုက္ကဋ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဖနောင့်အဖုံးတပ်သော ဖိနပ်တို့ကို စီးကုန်၏။ပ။ ခြေသလုံးဖုံးသော ဖိနပ်တို့ကို စီးကုန်၏။ ဖမိုးဖနောင့်ဖုံးသော ဖိနပ်တို့ကိုစီးကုန်၏။ လဲမှို့သွတ်သော ဖိနပ်တို့ကိုစီးကုန်၏။ ခါတောင်ကဲ့သို့ ပြောက်ကျားသော သဲကြိုးတပ်သော ဖိနပ်တို့ကို စီးကုန်၏။ ဆိတ်ကုလား ဦးချိုကဲ့သို့ သဲကြိုးတပ်သော ဖိနပ်တို့ကို စီးကုန်၏။ ဆိတ်မြန်မာ ဦးချိုကဲ့သို့ သဲကြိုးတပ်သော ဖိနပ်တို့ကို စီးကုန်၏။ ကင်းမြီးကောက် လက်မကဲ့သို့ သဲကြိုးတပ်သော ဖိနပ်တို့ကို စီးကုန်၏။ ဥဒေါင်းမွေးရင်းတို့ဖြင့် ချုပ်သောဖိနပ်တို့ကို စီးကုန်၏။ ဆန်းကြယ်သောဖိနပ်တို့ကို စီးကုန်၏။ လူတို့သည်'ကာမဂုဏ်ချမ်းသာကို ခံစားသောလူတို့နှင့် တူကုန်၏'ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောကြဆိုကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဖနောင့်ဖုံးတပ်သောဘိနပ်။ ခြေသလုံးဖုံးသောဘိနပ်။ ဖမိုးဖနောင့်ဖုံးသောဘိနပ်။လဲမှို့သွတ်သောဖိနပ်၊ ခါတောင်ကဲ့သို့ ပြောက်ကျားသော သဲကြိုးတပ်သောဖိနပ်၊ ဆိတ်ကုလားဦးချိုကဲ့သို့ သဲကြိုးတပ်သောဖိနပ်၊ ဆိတ်မြန်မာ ဦးချိုကဲ့သို့ သဲကြိုးတပ်သောဖိနပ်၊ ကင်းမြီးကောက်လက်မကဲ့သို့ သဲကြိုးတပ်သော ဖိနပ်၊ ဥဒေါင်းမွေးရင်းတို့ဖြင့် ချုပ်သောဖိနပ်၊ ဆန်းကြယ်သော ဘိနပ်တို့ကို မစီးအပ်၊ စီးသောရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခြင်္သေ့ရေ အနားပတ်သော ဖိနပ်တို့ကို စီးကုန်၏။ပ။ ကျားသရေအနားပတ်သော ဖိနပ်တို့ကို စီးကုန်၏။ သစ်ရေ အနားပတ်သော ဖိနပ်တို့ကို စီးကုန်၏။ သစ်နက်ရေအနားပတ်သော ဖိနပ်တို့ကို စီးကုန်၏။ ဖျံရေ အနားပတ်သော ဖိနပ် တို့ကိုစီးကုန်၏။ ကြောင်ရေ အနားပတ်သောဖိနပ်တို့ကို စီးကုန်၏။ ရှဥ့်နက်ရေ အနားပတ်သောဖိနပ်တို့ကို စီးကုန်၏။ ရှူးရေအနားပတ်သော ဖိနပ်တို့ကို စီးကုန်၏။ လူတို့သည် 'ကာမဂုဏ်ချမ်းသာကို ခံစားသောလူတို့နှင့် တူကုန်၏'ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ခြင်္သေ့ရေ အနားပတ်သောဘိနပ်။ကျားရေ အနားပတ်သောဘိနပ်။ သစ်ရေအနားပတ်သောဘိနပ်။သစ်နက်ရေ အနားပတ်သော ဖိနပ်၊ ဖျံရေအနား ပတ်သောဖိနပ်၊ ကြောင်ရေအနားပတ်သောဖိနပ်၊ ရှဥ့်ရေအနားပတ်သောဖိနပ်၊ ရှူးရေအနားပတ်သောဖိနပ် တို့ကိုမစီးအပ်၊ စီးသောရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏ဟု (မိန့်တော်မူ၏)

ယပ်တောင်၊ ထီး၊ ရေအိုး၊ တံမြက်စီး၊ ခြေသုတ် ခွင့်ပြုတော်မူခြင်း (စူဠဝဂ်ပါဠိတော် မြန်မာပြန်) (ဝိမြန် ၄၊ ၂၇ဝ)

၂၆၉။ ထိုအခါ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်းတို့၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင်အစဉ်အတိုင်း ဒေသစာရီကြွချီတော် မူလတ်သော် သာဝတ္ထိပြည်သို့ ရောက်တော်မူ၍ ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါသည် ရေအိုးကို၎င်း၊ ကြာချပ်သဏ္ဍန်ဆူးထနေသော ခြေပွတ်ကို၎င်း၊ တံမြက်စည်းကို၎င်း ယူ၍ မြတ်စွာဘုရားထံ သို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား-
'အရှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ ရေအိုးကို၎င်း၊ ကြာချပ်သဏ္ဍန်ဆူးထနေသော ခြေပွတ်ကို၎င်း တံမြတ်စည်းကို၎င်း ခံယူတော်မူပါ၊ ယင်းသို့ ခံယူခြင်း သည် အကျွန်ုပ်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ရာပါ၏' ဟု လျှောက်၏။
မြတ်စွာဘုရားသည် ရေအိုးကို၎င်း တံမြက်စည်းကို၎င်း ခံယူတော်မူ၏၊ ကြာချပ်သဏ္ဍန်ဆူးထနေသော ခြေပွတ်ကိုကား ခံယူတော်မမူ။
ထိုအခါ မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါသည် မြတ်စွာဘုရားက တရားစကားဖြင့်(အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးဖြစ်ရကား အရိုအသေပြကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နေရာမှထ၍ ဖဲသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ရဟန်းတို့ကို-
'ရဟန်းတို့ ရေအိုးကို၎င်း၊ တံမြတ်စည်းကို၎င်း ခွင့်ပြု၏၊ ရဟန်းတို့ ကြာချပ်သဏ္ဍန် ဆူးထနေသောခြေပွတ်ကို မသုံးဆောင်အပ်၊ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏။
ရဟန်းတို့ ကျောက်စရစ်ခြေပွက်၊ အိုးခြမ်းခြေပွတ်၊ ပင်လယ်ရေမြှုပ်ခြေပွတ် ဟူသော ခြေပွတ်သုံးမျိုးတို့ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါသည် လေးထောင့် ယပ်ကို၎င်းထန်းရွက်ယပ်ကို၎င်းယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခု သောနေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား-
'အရှင်ဘုရားမြတ်စွာဘုရားသည် အကျွန်ုပ်၏လေးထောင့်ယပ်ကို၎င်း၊ ထန်းရွက်ယပ်ကို၎င်းခံယူတော်မူပါ၊ ယင်းသို့ ခံယူခြင်းသည် အကျွန်ုပ်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှာချမ်းသာခြင်းငှာ ဖြစ်ရာပါ၏' ဟု လျှောက်၏။
မြတ်စွာဘုရားသည် လေးထောင့်ယပ်ကို၎င်း ထန်းရွက်ယပ်ကို၎င်း ခံယူတော်မူ၏၊ ထိုအခါမြတ်စွာဘုရားသည် မိဂါရသူဌေး၏ အမိသဖွယ် ဖြစ်သော ဝိသာခါကို တရားစကားဖြင့် (အကျိုးစီးပွားကို)သိမြင်စေလျက် (တရားကို)ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေ၏။ပ။ အရိုအသေပြကာ ဖဲသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ရဟန်းတို့ကို-
'ရဟန်းတို့ လေးထောင့်ယပ်ကို၎င်း၊ ထန်းရွက်ယပ်ကို၎င်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ သံဃာအား ခြင်နှင်ယပ်သည် ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားအား ဤအကြောင်းကိုလျှောက်ကြကုန်၏။
ရဟန်းတို့ ခြင်နှင်ယပ်ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
စာမရီ သားမြီးယပ်သည် ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ စာမရီသားမြီးယပ်ကို မဆောင်အပ်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။
ရဟန်းတို့ လျှော်ဖြင့်ပြီးသောယပ်၊ ပန်းရင်းမြက်ဖြင့် ပြီးသောယပ်၊ ဥဒေါင်းမြီးဖြင့် ပြီးသောယပ် ဟူသော ယပ်သုံးမျိုးတို့ကိုခွင့်ပြု၏ ဟု (မိန့်တော်မူ၏)
၂၇ဝ။ ထိုအခါ သံဃာအားထီးသည် ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ထီးကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ နာဖျားသော ရဟန်းအား ထီးကို ဆောင်ခြင်းငှာ ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့သည်'မြတ်စွာဘုရားသည် နာဖျားသော ရဟန်းအားသာလျှင် ထီးကို ခွင့်ပြုတော်မူ၏။ မနာမဖျားသော ရဟန်းအားခွင့်မပြု ဟု (နှလုံးသွင်း၍) အရံတွင်း၌၄င်း၊ အရံဥပစာ၌၄င်း ထီးကိုဆောင်ခြင်းငှာမအပ်ဟုတွေးတောမူ 'သံသယကုက္ကုစ္စ' ရှိကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မနာမဖျားသော ရဟန်းသည်လည်း အရံအတွင်း၌၄င်း အရံဥပစာ၌၄င်း ထီးကို ဆောင်းခြင်းငှာ ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)

ခါးပန်းကြိုး၊ ခါးပန်းသီး ခွင့်ပြုတော်မူခြင်း (စူဠဝဂ်ပါဠိတော် မြန်မာပြန်) (ဝိမြန် ၄၊ ၂၈ဝ)

၂၇၈။ ထိုအခါ ရဟန်းတစ်ပါးသည် ခါးပန်းကြိုးမပါပဲ ရွာသို့ ဆွမ်းခံဝင်သဖြင့် လမ်းမ၌ သင်းပိုင်သည် လျှောကျ၏။ လူတို့သည် ကြွေးကြော်သဖြင့် ထိုရဟန်းသည် မျက်နှာမသာဖြစ်၏။ ထိုအခါ ထိုရဟန်းသည် အရံသို့သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
၂၇၈။ ထိုအခါ ရဟန်းတစ်ပါးသည် ခါးပန်းကြိုးမပါပဲ ရွာသို့ ဆွမ်းခံဝင်သဖြင့် လမ်းမ၌ သင်းပိုင်သည် လျှောကျ၏။ လူတို့သည် ကြွေးကြော်သဖြင့် ထိုရဟန်းသည် မျက်နှာမသာဖြစ်၏။ ထိုအခါ ထိုရဟန်းသည် အရံသို့သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကြိုးအများပေါင်း၍ ပြုအပ်သော ခါးပန်းကြိုး၊ ရေမြွေဦးခေါင်းသဏ္ဌန် ပြုအပ်သော ခါးပန်းကြိုး၊ မုရိုးစည်သဏ္ဌန် ပြုအပ်သော ခါးပန်းကြိုး၊ ဆောက်လုံးသဏ္ဌန် ပြုအပ်သောခါးပန်းကြိုး ဟူသော အကောင်းအညံ့ ဖြစ်ကုန်သော ခါးပန်းကြိုးတို့ကို မဆောင်အပ်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏။ ရဟန်းတို့ ကြိုးခါးပန်း၊ ဝက်အူသဏ္ဌန်ပြုအပ်သော ခါးပန်း ဟူသော ခါးပန်းကြိုး နှစ်မျိုးတို့ကိုခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ခါးပန်းကြိုး၏ အမြိတ်အဆာတို့သည် ဆွေးကုန်၏။ပ။ ရဟန်းတို့ မုရိုးစည်သဏ္ဌန် ပြုအပ်သော အမြိတ်အဆာကို၎င်း၊ ဆောက်လုံးသဏ္ဌန် ပြုအပ်သော အမြိတ်အဆာကို ၄င်းခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။
ခါးပန်းကြိုး၏ အစွန်အနားသည် ဆွေး၏။ပ။ ရဟန်းတို့ အနားလိပ်၍ ချုပ်ခြင်းကို၎င်း ဖွတ်မြီးထိုးချုပ်ခြင်းကို၎င်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။ ခါးပန်းကြိုး၏ ကွင်းစွန်းသည် ဆွေး၏။ပ။ ရဟန်းတို့ ခါးပန်းသီးကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။ ရဟန်းတို့ အကောင်း၊ အညံ့ ဖြစ်သော ခါးပန်းသီးတို့ကို မဆောင်အပ်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏၊ ရဟန်းတို့ အရိုးခါးပန်းသီးကို၎င်း။ပ။ ခရုသင်းချက် ခါးပန်းသီးကို ၄င်း၊ ချည်ခါးပန်းသီး ကို၎င်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)။

လက်သည်းလှီးဓား၊ လက်သည်းညှပ် ခွင့်ပြုတော်မူခြင်း(စူဠဝဂ်ပါဠိတော် မြန်မာပြန်) (ဝိမြန် ၄၊ ၂၇၆)

ရဟန်းတို့ ရှည်လျားသော လက်သည်း၊ ခြေသည်းတို့ကို မဆောင်အပ် 'မထားအပ်'၊ ဆောင်သော ရဟန်းအား ဒုက္ကုဋ် အာပတ်သင့်၏ ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့သည် လက်သည်းဖြင့်လည်း လက်သည်းကို ဖြတ်ကုန်၏၊ ခံတွင်းဖြင့်လည်းလက်သည်းကို ဖြတ်ကုန်၏၊ နံရံ၌လည်း ပွက်တိုက်ကုန်၏၊ လက်ချောင်း၊ ခြေချောင်းတို့သည် နာကျင်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ လက်သည်းလှီး ဓားငယ်ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏)

No comments:

Post a Comment